စိတ်ကူးတဲ့ရာ ရေးသည်
အမေနဲ့ ဖုန်းပြောဖြစ်သည်။ အမေလဲ တဦးတည်းသော သားကိုတွေ့ချင်နေပေမည်။ ကိုယ့်တိုင်းပြည်ကို ကိုယ်မပြန်ဖြစ်သည်မှာလဲ ခုဆို ၂ နှစ်ကျော်လာခဲ့ပြီ။ သူများတွေဖြင့် တနှစ်လောက်ဆို တခါပြန် နှစ်ခါပြန်နှင့် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ကျနော်လဲ ပြန်ချင်သည် ဒါပေမဲ့ မပြန်ချင်သေးဘူးဟု ဆိုရလျှင်လဲ မှန်ပေသည်။ မပြန်ချင်သည် အကြောင်းအရာများစွာထဲတွင် ကျနော်လှည့်ပတ်နေသည်မှာ အချိန်အတိုင်းအတာတခုထိ ရှိလာခဲ့လေပြီ။ အဝေးရောက်နေသော သား၊သမီးများကိုလဲ မိဘ၊ဆွေမျိုးများက တွေ့ချင်သည်မှာအဆန်းတော့မဟုတ်လှပေ။
လက်ရှိအသက်ကို ကြည့်လိုက်တော့ လူပျိုအရွယ်ဆိုသည်ထက် ဆယ်စုနှစ်တခုကိုကျော်လွန်လာခဲ့ပြန်ပြီ။ ဘာမှ မယ်မယ်ရရအလုပ်အကိုင်မရှိ ဘယ်အရာကိုမှ ဦးဆောင်နိုင်စွမ်းလဲ ကိုယ့်ဟာကိုယ်ရှာမတွေ့သေး ဒီအတိုင်းဆို တသက်လုံး သူများလက်အောက်ခံအဖြစ်ရောက်နေပေဦးမည်။ သေချာစဉ်းစားဦးမှ ဖြစ်ပေမည်။ စလုံးရောက်တော့ လူတိုင်းက ငွေကို စုဆောင်းမိသည်ဟု ထင်မြင်နေပေမည်။ တကယ်တော့ ဒီရောက်တဲ့လူအချင်းချင်းသာ နားလည်တတ်သည်။ ဒီမှာ ဟိုနားကကုန် ဒီနားကကုန်နဲ့ ကုန်ပေါက်တွေချည်းတွေ့နေရသည်။ လကုန်ပြီး အသုံးစရိတ်တွေနုတ်ကြည့်တော့ တခါတရံ - တောင်ပြချင်သလိုလိုး) ဘာဆက်လုပ်မည်နည်း....
တောင်ပေါ်ကိုလွမ်းသည်။ တောင်ကြီးမြို့က တို့ဟူးနွေးလေးကို ကြာကွေးကြော်လေးထည့်ပြီး စားချင်သည်။ အမေချက်သည့် ငါးခေါင်းဟင်းမျိုးစားချင်သည်။ အမေ့ရဲ့လက်ရာ ငရုတ်သီးဆားထောင်းလေးလဲ စားချင်သည်။ ငရုတ်သီးဆားထောင်းလေးထဲတွင် အသားခြောက်ကြော်မွမွလေးထည့်ထောင်းတတ်သော ရန်ကုန်က အဒေါ်ဖြစ်သူရဲ့ လက်ရာလဲ တမ်းတမိပြန်သည်။ မတွေ့ရတာကြာပြီဖြစ်သော ညီ၊ညီမ၀မ်းကွဲလေးတွေ တွေ့ချင်သည်။ အမမှမွေးသော မျောက်သုံးကောင်ကိုလဲ တွေ့ချင်သည်။ ခုတော့ အလုပ်ကို အောက်တိုဘာပြန်မည်ဟု ကြိုပြောထားသည်။ အောက်တိုဘာဆို ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲရှိပေမည်။ ဒါဆို ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ သွားကဲမည်။ အမေ့ရဲ့ ထမင်းနဲ့ဟင်းကို အားရပါးရ လက်နဲ့စားဦးမည်း)
ကိုယ့်ရွာမှာ နွေရောက်လာတော့မည်။ ကလေးတွေ ကျောင်းပိတ်တော့မည်။ ဒီအချိန်ဆို လေတံခွန်(စွန်)တွေ လွတ်နေကြတော့မည်။ လူက အသက်သာကြီးလာတယ် ငယ်တုန်းက ဆော့တာတွေ အကုန်ဆော့ချင်နေတုန်း (သူငယ်ပြန်တာတော့ မဟုတ်နိုင်).. လေတံခွန်လွတ်ချင်သည် စိတ်ကူးထားသည် မြန်မာပြည်ပြန်ပြီး ဒီပြန်လာခဲ့ရင် ရစ်ဘီးလုံးကို ယူလာမည် စွန်အတွက်ကတော့ ဆီစိမ်စက္ကူတွေယူလာမည်း) တောင်ကြီးမြို့ရဲ့ တောင်ချွန်းပေါ်တက်ပြီး စက္ကူလေယာဉ်လေးတွေ လွတ်ချင်သည်။ စ၀်စံထွန်းနားက လမ်းဘေးအသားကင်ဆိုင်လေးကို သတိရသည်။ အဲ့ဆိုင်လေးက လမ်းဘေးဆိုင်ပေမဲ့ အချဉ်ကတော်တော်လေးကောင်းသည် အာလူးကင်၊ရုံပတေသီးကင် စသည်ဖြင့် အကင်မျိုးစုံရပေသည်။ သတိရသည်။ အဒေါ်ဖြစ်သူ အင်းလေးသမ ချက်ကျွေးသော ငါးဖယ်နဲ့ ရေမုန်ညှင်းအရည်သောက်လေးလဲ သောက်ချင်ပြန်သည်။ ငါးဖယ်ဆိုလို့ ဒီစလုံးရောက်ပြီးကတည်းက ငါးဖယ်ဆိုတာ မမြင်ဖူးတာကြာပေါ့။
ဒီနေ့ နေ့လည်စာလဲ သွားနေကြအတိုင်း၊ စားနေကြအတိုင်းပေါ့ အရသာမရှိတဲ့ တရုတ်လုပ် အစားအစာသာ စားရပေဦးမည်။
ညစာလားးးးးးး ညစာကတော့.... မဆိုးပါဘူး..... မဆိုးပါဘူး ....မဆိုးပါဘူး......
လုပ်ချင်တာတွေ၊ စားချင်တာတွေ မှတ်ထားလိုက်ပြီး) တကယ်ပြန်ဖြစ်ရင် ဒီပိုစ့်ကို ပြန်ဖတ်ပြီး စာရင်းပြုစုရမည်။ Update လုပ်ရမည်း)
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား



